မဘသ မရှိသင့်ဘူးဆိုတာကို
ပြန်ကြားဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့
ဝေဖန်သုံးသပ်ချက်
===============================
ပြီးခဲ့တဲ့ ဇွန်လ နော်ဝေခရီးစဉ်မှာ Norwegian School of Theology က ပညာရှင် တစ် ယောက်နဲ့ ဆွေးနွေးခဲ့ရပါတယ်။ သူက ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးလေ့လာ နေသူပါ။
အဲဒီဆွေးနွေးမှုမှာ မဘသ အဖွဲ့ကြီးနဲ့ပတ်သက်ပြီး မေးတဲ့အတွက် ဖြေကြား
ခဲ့ရပါတယ်။ ကျွန်တော်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ဖြေကြားချက်အကျဉ်းချုပ်ကတော့
၁။ မဘသ အဖွဲ့ဟာ ရွှေကျင်၊ သုဓမ္မာ အစရှိတဲ့ သံဃာ့ဂိုဏ်းများလို အဖွဲ့အစည်း ( ဂိုဏ်း) မဟုတ် ဘူး။ သံဃာများနဲ့ လူပုဂ္ဂိုလ်များ ဘာသာ၊ သာသနာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ဖို့ အတွက် ဖွဲ့စည်းထားတဲ့အဖွဲ့သာဖြစ်တယ်။ သံဃာ့မဟာ နာယက အဖွဲ့နဲ့မတူပါဘူး။ သံဃာ့မဟာနာယကအဖွဲ့ဆိုတာက သံဃာများရဲ့ အရေး ကိစ္စ များကို စီမံခန့်ခွဲတဲ့အဖွဲ့လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ မဘသ က အဲဒီလို အဖွဲ့ မဟုတ်ပါဘူး။
၂။ ဘယ်ဘာသာမဆို ဥပဒေကို မဆန့်ကျင်ရင် အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်း ခွင့်ရှိပါတယ်။ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း အများ ကြီး မြန်မာနိုင်ငံမှာ ရှိတယ်။ မဘသ ဟာလည်း အဲဒီလို အဖွဲ့အစည်းတွေထဲက အဖွဲ့ တစ်ခု သာဖြစ်တယ်။ ဗုဒ္ဓဘာသာမှာသာမက ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာတွေမှာ လည်း အဲဒီလို အဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ မဘသ တစ်ခုတည်းကို ရွေးထုတ် ပြီး ပြောဖို့ မသင့်ဘူး။
၃။ မဘသ အဖွဲ့အစည်းနဲ့ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တစ်ဦးချင်းကြားမှာ ခွဲခြားမြင်နိုင်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ မဘသ ညီလာခံမှာ ဆွေးနွေးချက်များ၊ မိန့်ခွန်းများကိုလေ့လာ ရင် မဘသ ဟာ ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်။
၎။ အခြားဘာသာတွေရဲ့ အဖွဲ့အစည်းတွေမှာလည်း သဘောထားတင်းမာသူတွေ ရှိ ပါတယ်။ ဒါပေမယ့် သူတို့ရဲ့လုပ်ဆောင်ချက်ကြောင့် အဖွဲ့အစည်းကို ပုတ်ခတ်မယ် ဆိုရင်
တရားမျှတမှုမရှိနိုင်ဘူး။
၅။ မဘသ အနေနဲ့ဒါမှမဟုတ် အဖွဲ့ဝင်တစ်ဦးအနေနဲ့ ဥပဒေကို ချိုးဖောက်တယ်ထင် ရင် ဘယ်သူမဆို ရဲတပ်ဖွဲ့ကို တိုင်ကြား အမှုဖွင့်နိုင်ပါတယ်။ အခြားဘာသာဝင်တစ်ဦးဦးက အဲဒီလို လုပ်ဆောင်ရင်လည်း ဥပဒေအရ တိုင်ကြားအမှုဖွင့်နိုင်ပါတယ်။
ဒါကတော့ နော်ဝေမှာ ပြောကြားခဲ့ချက်ပါ။ လက်ရှိအခြေအနေမှာတော့
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သံဃာ့မဟာနာယက အဖွဲ့ ကြီးရှိတဲ့ အတွက် မဘသ အဖွဲ့မရှိသင့်ဘူးလို့ စင်္ကာပူမှာ ပြောခဲ့သလို သံဃာ့မဟာ နာယက အဖွဲ့ကို သွားရောက်လျှောက်ထားတယ်လို့လည်း မီဒီယာတွေမှာ တွေ့ရ ပါတယ်။
မဘသ အဖွဲ့ရှိသင့် မရှိသင့် ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ပိုင်အယူအဆအနေနဲ့ ပြောရင်တော့ ဘာမှမဝေဖန်လိုပါဘူး။ သူ့ ရဲ့ လွတ်လပ်စွာတွေးခေါ်ပြောဆို ခွင့်ပါပဲ။
ဒါပေမယ့် ရန်ကုန် တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မဘသ မရှိသင့်ဘူး။ မဖွဲ့ရဘူးလို့ ပြောမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ
၉ ၆ အရ အသင်းအဖွဲ့များ နဲ့ပတ်သက်ရင် ပြည်ထောင်စု ဥပဒေပြုစာရင်း ဇယား ၁ စီမံခန့်ခွဲရေးကဏ္ဍ မှာ ထည့်သွင်းထားကြောင်း နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း ဇယား ၂ မှာ ထည့်သွင်းထားခြင်း မရှိကြောင်း ထောက်ပြလိုပါတယ်။
ဒီတော့ မဘသ အဖွဲ့အစည်း ဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ ပြောဖို့လိုရင် ပြည်ထောင်စု အစိုးရအဖွဲ့ က ပဲ ပြောရမယ်၊တိတိကျကျ ပြောရရင် သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကပဲပြောရမှာဖြစ်ပါတယ်။
အရှင်ဝိမလ၀ံသ fb မှကူးယူဖော်ပြပါသည်။

Comments
Post a Comment